လှိုင်းဘွဲ စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတို့ကို စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ နိုင်ငံတော်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်မှုလုပ်ငန်းများ၊ ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်တိုင်းသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သောကြောင့် အခြေခံကျသည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် ကုလသမဂ္ဂအဖွဲ့၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များအား Power Point ဖြင့် အသေးစိတ် အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)