ပူတာအို စက်တင်ဘာ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ(၂၁)ရက် နေ့လယ်ပိုင်းက မချမ်းဘောမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး စည်ပင်သာယာရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မချမ်းဘောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမေနှောင်းဒီးဆားရ်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်နိုးဇော်တို့က ဖွဲ့စည်းပုံနှင့်ဝန်ထမ်း အင်အားအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးအခြေအနေများ၊၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မချမ်းဘောမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများအတွက် အာဟာရဖြည့် အစားအစာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်းပေါင်း (၂၉)သန်းဖြင့် အလျား (၄၀)ပေ၊ အကျယ် (၃၀)ပေ၊ အမြင့် (၁၂)ပေရှိ ဝန်ထမ်းအိမ်ယာ ပြုပြင်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီးမှု အခြေအနေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း (၅၃ ဒဿမ ၆)သန်းဖြင့် အရှည် (၂၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု ရှစ်လက်မရှိ မချမ်းဘောမြို့ ဘုန်း ကြီးကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)