ဝိုင်းမော်မြို့ ဝါရှောင်ဆည်ရေသောက် ဧရိယာအတွင်းရှိ လက်တံမြောင်းများအား Cash For Work စီမံကိန်း ထောက်ပံ့ငွေဖြင့် တောင်သူများ ကိုယ်တိုင် ရှင်းလင်းရေးဆောင်ရွက်

ဝိုင်းမော်     သြဂုတ်     ၅

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားမှုရန်အတွက် ( Covid-19 Economic Relief Plan – CERP ) အစီအစဉ်အရ ဝိုင်းမော်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝါရှောင်ဆည် လက်တံမြောင်း ရှင်းလင်းရေး လုပ်ငန်းများအတွက်  Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ‌တောင်သူများကိုယ်တိုင် သဲနုန်းဆည်ခြင်း၊ မြောင်းများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဩဂုတ်လ (၃) ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ဝါရှောင်ဆည်လက်တံမြောင်းရှင်း လင်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေဝင်းဦးက “ဝါရှောင်ဆည်မှာ အမှန်တကယ်ရေပေးဝေးနေတဲ့ လက်တံမြောင်း (၄)ခုဖြစ်တဲ့ (M ၊ N ၊ L ၊ H1)တို့မှာ သဲနုန်းတူးဖော်ခြင်း၊ မြောင်းရှင်းလင်းရေးနှင့် မြောင်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ဖြင့် တောင်သူတွေကိုယ်တိုင် ဆောင်ရွက်နိုင်အောင် စည်းရုံးဟောပြောပြီး သူတို့လဲ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်၊ နိုင်ငံတော်က ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

အဆိုပါ ဝါရှောင်ဆည်လက်တံမြောင်း(၄)ခု ရှင်းလင်းရေးလုပ်ငန်းများကို တောင်သူများ ကိုယ်တိုင် Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆည်ရေသောက် ဧရိယာဖြစ်သည့် ဝူယန်ကျေးရွာတွင် လက်တံမြောင်း (၃)ခု (M ၊ N ၊ L )တို့နှင့်  မုတ်လွဲကျေးရွာတွင်  လက်တံမြောင်း (H1) တစ်ခုတို့အား သဲနှုန်းတူးဖော်ခြင်း၊ မြောင်းတွင်းနှင့် ဘေးဝဲ/ယာရှိ အမှိုက်နှင့် သစ်ပင်များ ရှင်းလင်းခြင်း၊ မြောင်းပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)