မင်္ဂလာဒုံမြို့နယ် အထက(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု  ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၂၀

ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လူရည်မွန် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ အတွင်းရေးမှူး ဆရာဦးနေဆန်းက “လူငယ်နှင့်E-စီးကရက်အန္တရာယ်”၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ငွေစိုး(ရွှေကြန့်မြေ)က “ပညာနှင့်‌စာပေ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ပြီးနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ Grade-12 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများအား သိမှတ်စွမ်းရည်မေးမြန်းခြင်းများပြုလုပ်ခဲ့ရာ ပါဝင်ဆွေးနွေးနိုင်သူများအတွက် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အောင်ကျော့ခင်က ကျေး‌ဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ရာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ ပေတံ၊ ခဲတံ၊ ဘောပင်များ ချီးမြှင့်ပေးခဲ့ပြီး အဆိုပါဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း