မောက်မယ်မြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့် တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယမန် နေ့နံနက် ၁၀ နာရီက မိုင်းပုတ်ကျေးရွာအုပ်စု၊ အ.မ.က(မိုက်ကန်း)သို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က “လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်းမမှားစေရန် လိုအပ်သောကြောင့် စာပေ လေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင်မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့် လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်​ဖော်နိုင်စေရန် အတွက် အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရား ကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရေး”စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင် စာအုပ်များအား ဖတ်ရှုစေခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်အသုံးပြုမှု လျော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။                                                        

စိုင်းမျိုးသန့်(မောက်မယ်)