ဟားခါး ဒီဇင်ဘာ ၂၃
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လူ (၃ဝ) ဦးထက်မပိုစေဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ဝတ်ပြုဆုတောင်းခွင့် ပြုကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာလ (၁၁)ရက်တွင် ကိုဗစ်-၁၉ ကာလအတွင်း ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်နေ့များတွင် ခရစ်ယာန်ဘုရားကျောင်းများ၌ လူ(၃ဝ)ဦးထက်မပိုစေဘဲ ဝတ်ပြုဆုတောင်းခွင့်ပြုသည့် ကြေညာချက် ထုတ်ပြန်ထားသည်။
ဝတ်ပြုဆုတောင်းခြင်းပြုလုပ်ရာတွင် အသင်းတော်များမှ လိုက်နာဆောင်ရွက်ရန် အချက်(၂၅)ချက်နှင့် ဝတ်ပြုဆုတောင်းပွဲသို့ သွားရောက် မည့်သူများ လိုက်နာဆောင်ရွက်ရမည့် အချက် (၁ဝ)ချက်ဖြင့် လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အသင်းတော်များ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရ မည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိအောင် စီစဉ်ထားသည့် အသင်းတော်များကို လူဦးရေ (၃ဝ)ထက် မပိုစေဘဲ တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်လကို (၄)ကြိမ် ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်ရန် ခွင့်ပြုထားသည်။ ဟားခါးမြို့နယ်တွင် ခရစ်ယာန်အသင်းတော် (၁၇၃)သင်း ရှိရာ ဒီဇင်ဘာလ (၂ဝ)ရက်နေ့တွင် အရေးပေါ် အသင်းတော် (၁ဝ)သင်းက လာရောက် လျှောက်ထားကြကြောင်း သိရှိရသည်။
ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ခရစ္စမတ်ပွဲတော်နှင့် (၃၁) ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာနှစ်သစ်ကူး ပွဲတော်များကို ဘုရားကျောင်းတွင် လူ (၃ဝ)ဦးထက်မပိုစေဘဲ ဝတ်ပြု ဆုတောင်းခွင့်ပြုမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားပြီး ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဘုရားကျောင်းများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ထားရှိခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)