နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးမည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ ပင်လောင်းလမ်းမကြီးဘေး၊ အေးမြင့်သာယာတံတားအနီးရှိ  သစ်ပင်စိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုစဉ် နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများအား တစ်အိမ်ထောင်လျှင် သစ်ပင် (၂၀)ပင် စိုက်ပျိုးရမည်ဖြစ်ပြီး စိုက်ပျိုးရန်နေရာလုံလောက်မှုမရှိပါက အခြားနေရာများတွင် စိုက်ပျိုးရန်၊ စိုက်ပျိုးမည့်အပင်များအား သတ်မှတ်အရွယ်အစားအတိုင်း စိုက်ပျိုးရန်၊  စိုက်ပျိုးထားသည့်အပင်များအား  ခြံခတ်ခြင်း စသည်ဖြင့်ဆောင်ရွက်ပြီး ရှင်သန်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန်၊ ကျေးရွာများအတွင်း သစ်ပင်များစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပြီး စိုက်ပျိုးမည့်မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း တစ်အိမ်ထောင်လျှင် သစ်ပင် ၂၀ ပင် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)