သရက်ချောင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့ အ-ထ-က(သရက်ချောင်း) ပညာရတနာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့မရဲစခန်းမှ စခန်းမှူး သိန်းထိုက်နှင့် ဒုရဲအုပ်ဌေးမောင်တို့က ကျောင်းသားကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ ချမှတ်ထားသော ဥပဒေများ အကြောင်း၊ ယာဉ်အန္တရာယ်ဖြစ်ပေါ်လာပါက အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှု က ကျောင်းသားကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့ လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)