ညောင်ရွှေ စက်တင်ဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောက်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဒုတိယဦးစီးမှူး ဦးမောင်မောင်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်များနှင့် မျက်မောက်ကာလ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း၊ ကလေးအလုပ်သမားအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ