သရက်ချောင်း စက်တင်ဘာ ၁၈
ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေးဟောပြောရာ စာအုပ်၊ စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ဌားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲအား ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပြိုင်ပွဲများ၏ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန် မူးယစ်ဆေးဝါးဆိုင်ရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်၊ စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)