ကရသူရိ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောခြင်း၊ စာအုပ်၊ စာစောင်နှင့်နံရံကပ်ဘုတ်များပြသခြင်းကို စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူကုန်ကူးခြင်းဆိုသည်မှာ လူအများအား လှည့်စားခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းနှင့် အတင်းအကျပ်ခိုင်းစေခြင်းဖြစ်ကြောင်း၊ လူအများကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်ခြင်းလည်းဖြစ်ကြောင်း၊ လူကုန်ကူးခြင်းခံရသည့် သားကောင်များသည် အတင်းအကျပ်စေခိုင်းခံရခြင်းနှင့် ချုပ်နှောင်ခံရခြင်းများရှိကြောင်း၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ လူကုန်ကူးခံရလျက်ရှိကြောင်းနှင့် လူကုန်ကူးမှုကင်းဝေးရေး ပူးပေါင်းဆောင်ရွက်နိုင်ရေတို့ကို ဟောပြောသည်။
ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရခြင်းအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြဌာန်းထားသည့်ဥပဒေများ၊ လူငယ်ဆိုင်ရာအသိပညာပေးနံရံကပ်ဘုတ်နှင့် စာအုပ်၊ စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)