ရန်ကုန် သြဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာရှိ ဆယ်အိမ်တန်းကမ်းခြေတွင် လတ်တလော ဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း အစိုးရရုံး ပိတ်ရက်များ၊ အများပြည်သူ အလုပ်ပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်နေ့များ၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လာရောက် အပန်းဖြေမှုများဖြင့် များပြားလျက်ရှိကြောင်း၊ အပန်းဖြေသူ ပြည်သူတစ်ထောင် ကျော်ခန့် လာရောက်လည်ပတ် လျက်ရှိကြောင်း သိရှိရသည်။
ဆယ်အိမ်တန်းကျေးရွာရှိ ဆယ်အိမ်တန်းကမ်းခြေမှာ အလျား ၂၇၃၉ ပေ၊ အနံ ၂၅၀ ပေရှိရာ၊ ကမ်းခြေတစ်လျှောက်တွင် ဆိုင်ခန်းပေါင်း(၃၁)ဆိုင် နှင့် အလွတ်ဆိုင်ခန်းပေါင်း (၁၀) ဆိုင်တို့ဖြင့် ဖွင့်လှစ်ထားရှိပြီး ပင်လယ်စာ အစားအစားများဖြစ်သော ဂဏန်း ချဉ်စပ်၊ ပုဇွန်၊ ခရု၊ ငါးသလောက် စသည်တို့နှင့် အစားအသောက်မျိုးစုံ ရောင်းချလျက်ရှိရာ လာရောက် လည်ပတ် ကြသော ခရီးသွားပြည်သူအများစုသည် ပင်လယ်ကမ်းစပ်၌ ရေကစားသူများ၊ ဘောလုံးကန်သူများ၊ မြင်းစီးသူများဖြင့် အနားယူ အပန်းဖြေလျက်ရှိကြသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးများပြားရာ နေရာများတွင် ရောဂါပိုး ကူးစက် နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနား များ၊ ပွဲလမ်းသဘင်များကို မပြုလုပ်ရန်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ကြေညာ ထားသော် လည်း အဆိုပါ ဆယ်အိမ်တန်းကမ်းခြေ၌ အစိုးရရုံး ပိတ်ရက်များနှင့် အားလပ်ရက်ရှည် ရုံးလုပ်ပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ မိသားစုလိုက်၊ အစုအဖွဲ့လိုက်ဖြင့် လာရောက် အပန်းဖြေကြသူများဖြင့် များပြား လျက်ရှိကြောင်း၊ ယနေ့ ဝါဆိုလပြည့်နေ့တွင်ပို၍ များပြား ကြောင်း၊ ဆယ်အိမ်တန်းကျေးရွာရှိ ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်းကျေးရွာ ဆယ်အိမ်တန်း ကမ်းခြေ၌ ပုံမှန်ရုံးပိတ်ရက်များတွင် လူဦးရေ(၃၀၀)ခန့် လာရောက်၍ အပန်းဖြေလျက်ရှိပြီး၊ သင်္ကြန်ရက်များတွင် အဆိုပါ ကမ်းခြေသို့ လာရောက်အပန်းဖြေသည့် လူဦးရေ (၅၀၀၀) ခန့်ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း လူစုလူဝေများပြားရာ နေရာများ တွင် လျင်မြန် စွာ ကူးစက်နိုင်သည့်အတွက် ၂၀၂၀ပြည့်နှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ပြီး ဧပြီလ ၃၀ ရက်နေ့ အထိ ဆယ်အိမ်တန်း ကမ်းခြေအား ခေတ္တ ပိတ်သိမ်း ထားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် အနီးစပ်ဆုံး ပင်လယ်ကမ်းခြေတစ်ခုဖြစ်သော အများပြည်သူအပန်းဖြေနိုင်သည့် နေရာတစ်ခု ဖြစ်သည့် ဆယ်အိမ်တန်း ကျေးရွာရှိ ဆယ်အိမ်တန်းကမ်းခြေသို့ မော်တော်ကားများ၊ အငှားယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုက်ကယ် များဖြင့် လာရောက်လည်ပတ်လျက်ရှိပြီး မိုင်အားဖြင့် ဒလမြို့နယ်မှ ၃၈ မိုင်၊ ကော့မှူးမြို့နယ်မှ ၂၇ မိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ ၂၃ မိုင် ၆ ဖာလုံရှိပြီး၊ ဒလမြို့နယ်မှ တစ်ဆင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် မောင်းနှင်ချိန် ၂ နာရီ နီးပါးခန့် ကြာမြင့်မည် ဖြစ်သည်။
နိုင်လင်းကျော်(ဒလ)