ကျောက်တံတား စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ (ကျောက်တံတား)စကားဝါခန်းမ၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဟောပြောပွဲကိုကျင်းပရာ စာရေးဆရာမ ညွန့်ညွန့်(ကလော)က စာဖတ်ကြပါခေါင်းစဉ် ဖြင့် အသိပညာပေးဟောပြောပြီးနောက် အခြေခံပညာအလယ်တန်းအဆင့်ကျပန်း စကားပြောပြိုင်ပွဲ နှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကိုကျင်းပရာ ပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သီချင်းများဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားရုပ်သိမ်းပြီးနောက်အခမ်းအနားသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်ပြပွဲကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)