လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လိပ်သို  စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ မျိုးဆက်သစ်ရဲ့ မဟာမိတ် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ အောင်မြင်သောဘဝရယူလိုပါက အပေါ်ယံအသိလောက်နှင့်သာ တင်းတိမ်နေ၍မရပဲ မိမိဖြစ်လိုသော ဘဝမျိုးရရှိရေးအတွက် စာအုပ်များကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်မိုးစန္ဒာက “ စိတ်ဓာတ်သိမ်ငယ် သူ ” ခေါင်းစဉ်အောက်မှ “ လူတစ်ယောက်ဟာ ကာယဗလချို့တဲ့နေလျှင် အလေးမ၊ ပြေးခုန်ပစ် စသည့် အားကစားတွေကို လိုက်စားပြီး ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်လို့ရပေမယ့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုတော့ ပညာကသာလျှင် အကူအညီပေးနိုင်ကြောင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ကို ပညာနဲ့သာ တည်ဆောက်နိုင်သောကြောင့်  ယုံကြည်မှုပျောက်ဆုံးပြီး စိတ်အားငယ်နေလျှင် စာဖတ်ခြင်း၊ ပညာလေ့လာဆည်းပူးခြင်းကို ပိုမိုလုပ်ဆောင်သင့်ကြောင်း ” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ အောင်သင်း ရေးသားသော “မျိုးဆက်သစ်ရဲ့မဟာမိတ်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် စိတ်ဓာတ်ကို မြင့်မြင့်မားမားထားနိုင်လျှင် မိမိ၏ဘဝသည်လည်း မြင့်မားလာမှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း