မြင်းခြံ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ မြန်မာအီလက်ထရောနစ်မဲပေးစက် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုလှိုင်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း ပြသခဲ့ရာ တက်ရောက်လာသော ခရိုင်အဆင့်တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)