သံတောင်ကြီးမြို့တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်း

သံတောင်ကြီး  စက်တင်ဘာ ၁

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုစက်တင်ဘာလဒုတိယပတ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

အဆိုပါဂေါ်ရခါးသီးများ သည်လူကြိုက်များသည့်သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်းကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊  မိုး၊ ဆောင်း ရာသီမ‌ရွေး အသီးသီးကာ ယခုအချိန်တွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀) သာ ရရှိကြောင်း သိရသည်။

ဂေါ်ရခါးသီးများကို အိမ်အတွင်း စားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

နော်နော်မူ