မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ကွင်းဆင်းဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၁၇

 မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို  တာဝန်ရှိသူများက ယမန်နေ့နံနက်၉ နာရီအချိန်က အပိုင်း(၃)ပိုင်းခွဲကာ အဖွဲ့(၁)မှ မှော်ဘီချောင်းဝကျေးရွာအုပ်စု၊ လက်ပံဝဲဘုန်းကြီးကျောင်း၌လည်းကောင်း၊ အဖွဲ့ (၂)မိုးကြိုးပစ်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ အဖွဲ့(၃)မှ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျီးပင်ဆိပ်ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ကျောင်း၌လည်းကောင်း တဆက်တည်း(၃)ဖွဲ့ခွဲ၍ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ မှော်ဘီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦး၊ အဖွဲ့ဝင်ဦးကျော်ဇောဦး ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်တင်ဇာလွင်၊ မြို့နယ်လဝက ဒု/လဝကမှူး ဦးသန်းထွန်းအောင်တို့က  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မိမိပေးသောမဲမှန်မမှန်စစ်ဆေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်မှုနှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်း စသည့် မဲပေးပုံအဆင့်အဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ကာဆောင်ရွက်ပြသသည်။

အဆိုပါလက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)