ရန်ကုန် စက်တင်ဘာ ၁၇
၂၀၂၅ခုနှစ်၏ ရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်သည်ပေါင်း ၄.၆၅ သန်းဝင်ရောက် ဘုရားဖူးခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဝင်ရောက်ခဲ့သည့် ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားဧည့်သည်ဦးရေ ၅၀,၀၀၀ ကျော်ပါဝင်ပြီး၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၈၇၉၈၉ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၇၀၃၀ ပါး၊ ပြည်တွင်းဘုရားဖူး ၄၄၆၈၆၄၃ ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည် ၅၀၅၅၃ ဦး စုစုပေါင်း ၄၆၅၄၂၁၅ ဦးဖြစ်သည်။
အဆိုပါ ရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အခါကြီးရက်ကြီးများနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်အား နေ့စဉ် နံနက် ၄ နာရီ မှ ည ၁၀ နာရီ အထိဖွင့်လှစ်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)