ချမ်းမြသာစည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၂)ရပ်ကွက်၊ အကွက် (စ-၃) အ.လ.က(၁၃ ထခွဲ) ကျောင်းအတွင်းရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီးနောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြု၍ မဲပေးပုံနည်းစနစ်များအား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ ဆောင် ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁)ဗိုလ်မှူးထွန်းဇံဖြူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီဝင်များ စုစုပေါင်း(၈၆၁) ဦး တက်ရောက်ခဲ့ကြသည်။
ချမ်းမြေ့ (ချမ်း/စည်)