ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနား ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့က သဲတောအမှတ် (၃) ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်‌ဆွေက ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ဝမ်းတွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့်မဲပေးပုံ၊ မဲပေးနည်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲသို့ တက်ရောက်လာကြသူများက တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါသရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်‌ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သဲတော (၁) ၊သဲတော (၂) ၊သဲတော (၃) ရပ်ကွက်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)