တနင်္သာရီ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးပိုင်ဖြိုးဦးမှ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်များအကြောင်း သိကောင်းစရာများ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အခွန်ထမ်းများ စုစုပေါင်း(၃၅)ခန့် တက်ရောက်ကြကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)