မြဝတီ စက်တင်ဘာ ၁၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ (၁၆) ရက်နေ့နံနက် ၉ နာရီတွင် မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်သည့် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” “From Science To Global Action” ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ Vedio Clip အားပြသခဲ့သည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့်စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၌ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မော်အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေယျာအောင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်များနှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်လက်ရာများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)