ကျောက်ပန်းတောင်း ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် မဲစာရင်းသွားရောက်ကြည့်ရှုကြရန် လှုံ့ဆော်ခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့မစည်ပင်သာယာဈေးကြီးအတွင်းနှင့် ပျံကျဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေအေး၏စီစဉ်မှုဖြင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျော်လင်း၊ ဦးဌေးအောင်နှင့် ဒေါ်တင်မာကြူတို့လိုက်ပါလျှက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ဝေသည့် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား”…လက်ကမ်းစာစောင် (၅၀၀) နှင့် ပိုစတာအကြီး (၂၀၀)၊ “မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ” ပိုစတာအသေး (၂၀၀) တို့ကို မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင်နှင့် ပျံကျဈေးဝန်းကျင်ရှိ ဈေးရောင်း၊ ဈေးဝယ်များထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး၊ မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန်နှင့် မဲစာရင်းတွင် အမည်မပါရှိခြင်း၊ မှားယွင်းခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ထံ အချိန်မီအကြောင်းကြားကြရန် ပညာပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ပန်တောင်းမြို့နယ်တွင် ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၂၁) အုပ်စုတွင် (၂၅-၇-၂၀၂၀)ရက်နေ့မှ စတင်ကြေညာကပ်ထားခဲ့ပြီးဖြစ်သော်လည်း မြို့နယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၂၀၂၂၅၄) ဦး ရှိသည့်အနက် (၃-၈-၂၀၂၀) ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်များမှ တင်ပြလာသည့်စာရင်းများအရ တစ်မြို့နယ်လုံးတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ(၁၂၀၀၀)ကျော်ခန့်သာရှိသေးကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)