ထန်တလန် ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ သိက္ခာတော်ရ ဆရာတော် Rev ဒေါက်တာဆန်ကျုံးအုပ်က ဆုတောင်းမေတ္တာ ပို့သပေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆောက်အဦသစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်း များအား SANGBIKTHAWNG COMPANY ဒါရိုက်တာဦးထောင်မှုန်းမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီးနောက် ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဦးတိုးဝင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမှုထန်နှင့် ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့က ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး ရုံးသစ်ကမ္ဗည်းစာတမ်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါရုံးသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၃၇.၅ သန်း၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ RC ၂ ထပ် ဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ(၆)ရက်မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၂၅)ရက်တွင် တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)