တောင်ဥက္ကလာပမြို့နယ်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊  ရိက္ခာလေးမျိုး ထောက်ပံ့

တောင်ဥက္ကလာပ  စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ(၄)မျိုး (တစ်ပတ်စာ) ပေးအပ် ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက   အမှာစကားပြောကြားသည်။

ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူ လူဦးရေ ၇၀၀ တို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ (၄ )မျိုး(တစ်ပတ်စာ)ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက   ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့  တောင်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ရာ နေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် တစ်ပတ်စာ ဆန်(၁ ပြည် ၆ဘူး)၊ ဆီ(၁၅.၇၅)ကျပ်သား၊ ဆား(၇) ကျပ်သား၊ ပဲ(၃၅)ကျပ်သား တို့အား ​ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)