အမရပူရ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ ဧရာဝတီမြစ်ကမ်းပါးတွင် တည်ထားကိုးကွယ်တော်မူထားသော ရွှေကြက်ကျဘုရား၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော လှေဦးတိုက်ပွဲတော်ဖွင့်ပွဲနှင့် လှေလှော်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါဘုရားရှေ့တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရွှေကြက်ယက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လှေဦးတိုက်ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲကို အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်၊ ဘုရားဂေါပကဥက္ကဋ္ဌ ဦးမင်းဆွေနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၊ အမရပူရမြို့ မြို့ပြစီမံကိန်းတာဝန်ခံ ဦးဇော်ရဲဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယနေ့ကျင်းပသော လှေဦးတိုက်ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲတွင် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄)ရွာမှ လှေလှော်အသင်း (၁၄)သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပွဲတော်ကို (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)