ကော့သောင်းမြို့တွင် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသား၊အမျိုးသမီး‌ ဘောလုံးအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကော့သောင်း စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသား၊ အမျိုးသမီး‌ ဘောလုံးအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နယ်မြေ ၁ (က)အသင်းနှင့် နယ်မြေ၃(ခ)အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်မြေ၃ (ခ)အသင်းမှ ၄ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော နယ်မြေ၃ အသင်း၊ ပထမဆုရရှိသော နယ်မြေ ၂ အသင်းတို့အား လည်ဆွဲဆု၊ ငွေသားဆုနှင့် ဂုဏ်ပြုဆုများချီးမြှင့်သည်။ယင်းနောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရိုးသားကြိုးစားဆုရရှိကြသော နယ်မြေ ၁ အသင်းနှင့် နယ်မြေ ၄ အသင်း တို့အားလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရိုးသားကြိုးစားဆုရရှိကြသော အထက(ခွဲ) စိုင်ဒင်းအသင်းနှင့် အ-လ-က(ခွဲ)ချန်းဖန်းအသင်းတို့အား ငွေသားဆုနှင့်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ သည်။

ယင်းနောက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၌ ဒုတိယဆုရရှိသော နယ်မြေ ၁ (က) အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က လည်ဆွဲဆု၊ ငွေသားဆုနှင့်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများက ဂိုးဖမ်း‌အကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆုနှင့် အရှေ့တန်းအကောင်းဆုံးများ ချီးမြှင့်ခဲ့သည်။ ထို့နောက် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော နယ်မြေ ၃ (ခ)အသင်းအား စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်က လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆု‌‌ပေးပွဲအား ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတခဲနက် အားပေးခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)