တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်     စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ထားဝယ်မြို့ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲသည် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့်ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံးအသင်းဖွဲ့စည်းလေ့ကျင့်နိုင်ရေးအတွက် ကျင်းပခြင်း ဖြစ်သလို၊ ဘောလုံးသမားများ ပြိုင်ပွဲများအဆက်မပြတ်ယှဉ်ပြိုင်ကစားခြင်းဖြင့် အရည်အသွေးတိုးတက်လာသည်နှင့်အမျှတိုင်းဒေသကြီး ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေးကို ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်ဘောလုံး အားကစား နည်းတွင် (၂၀၁၈)ခုနှစ်အတွင်း၌ ကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု၊ အသက်(၁၉)နှစ်အောက်ပြည်နယ်နှင့် တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲတွင် တတိယဆုနှင့်အသက်(၂၁)နှစ်အောက်ပြည်နယ်နှင့် တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြိုင်ပွဲဝင်အသင်း(၈)အား တစ်သင်းလျှင် ငွေကျပ် (၇၅ဝဝဝဝ) နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၀၀၀၀၀၀ ပေးအပ်သည်။

ဆက်လက်၍ တလိုင်းတောင်ကျေးရွာကိုယ်စားပြု T.L.T(F.C) အသင်းနှင့်သဗြေချောင်းကျေးရွာ ကိုယ်စားပြု Thapyay City (F.C)အသင်း တို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များကြည့်ရှုအားပေးရာ တလိုင်းတောင် ကျေးရွာကိုယ်စားပြု T.L.T(F.C) အသင်းက(၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသည်။ တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားထားဝယ်ဒေသအမှတ်ပေး(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၉  ရက်အထိ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)