တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ်            စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဖြေလျှော့ပေးရမည့်ကိစ္စရပ်များကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွ်ကရမည့် ကိစ္စရပ်များ၊ အစားအသောက် ထုတ်ကုန်ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးစားလုပ်ကိုင်ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြင်ဆင်ရမည့်လုပ်ငန်းများကို ယခုကတည်းက ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ပင်လယ်ခရီးသွား၊ ကျွန်းခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာနိုင်သည့်အတွက်ကြောင့် ယခုချိန်သည် ပြင်ဆင်ရမည့် ကာလဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများတွင်ပါရှိသည့် ခရီးစဉ်များကို အသစ်ပြန်လည်ရေးဆွဲရန်၊  ဟိုတယ်လုပ်ငန်းများတွင် ပြန်လည်ပြုပြင်ရမည့်လိုအပ်ချက်များပြင်ဆင်ရေးဆွဲရန်၊ ဝန်ထမ်းအင်အား ပြည့်မီအောင်ခန့်ထားရန်၊ ကျွမ်းကျင်ဝန်ထမ်းများခန့်ထားရန် လိုအပ်ကြောင်း၊ ဟိုတယ်လုပ်ငန်း ပိုင်ရှင်များ၊ ခရီးသွားလုပ်ငန်း ပိုင်ရှင်များ၊ ဆက်စပ်သော စားသောက်ကုန်နှင့်ပတ်သက်၍ လုပ်ငန်းများကို ကြိုစားလုပ်ကိုင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ကော်မတီမှ ဆုံးဖြတ်ပေးရမည့်ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြပြီးကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)