ထားဝယ် စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက“စာအုပ်စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ် ဝင့်ကြွား လာမည်ဖြစ်ကြောင်း ” စာပေသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်ဖြစ်သဖြင့်နိုင်ငံတော်အကြီးအကဲက လူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က လူငယ်များ စာပေဖတ်ရှုကြသည့် အလေ့အထဖြစ်ပေါ်လာရန် စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာပေဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် အစဉ်အမြဲဖန်တီးဖော်ဆောင်ပေးလျက်ရှိကြောင်း၊ စာဖတ်ခြင်းသည်လူတစ်ဦးချင်းအလိုက် ကောင်းကျိုး များကို ဆောင်ကြဉ်းပေးနိုင်ပြီးအကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် အသိပညာနှင့်အတွေးအခေါ် များရရှိစေနိုင်ကြောင်း၊ လူငယ်လူရွယ်များအား ငယ်ရွယ်စဉ် အချိန်ကတည်းက စာဖတ်ခြင်း အလေ့အထကောင်းများ ပျိုးထောင်ပေးရန်အတွက် ကျောင်းစာကြည့်တိုက်များအသုံးပြုရန်လိုအပ်ကြောင်း၊ . ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် စာကြည့်တိုက်များကို အသုံးပြုပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုကာ မိမိတို့၏ဘဝများ တိုးတက်ကောင်းမွန်အောင်ပြုစုပျိုးထောင်နိုင်ကြပြီး အသိပညာဗဟုသုတ ကြွယ်ဝလျက် အသိဉာဏ်ပညာပြည့်ဝပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည့်လူတော် လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စာပေဆွေးနွေးပေးသော ကျောင်းသားကျောင်းသူ (၄)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ (အထက်တန်း)အဆင့်တွင်ဆုရရှိသောကျောင်းသားကျောင်းသူ (၅)ဦးအားဆုချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသူ(၅)ဦးအား ဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က စာဖတ်စွမ်းရည် (အလယ်တန်း)အဆင့်တွင်ဆုရရှိသူ(၅)ဦး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က စာစီစာကုံး(အလယ်တန်း) အဆင့်တွင်ဆုရရှိသူ(၅)ဦး၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးသက်နိုင်က ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း)အဆင့်တွင်ဆုရရှိသူ(၅)ဦးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်တို့က ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။
ထို့နောက်အထက(၈)ကျောင်းစာကြည့်တိုက်အတွက်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစောဥမ္မာဝင်း၊ တိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့က စာအုပ်စာစောင်များလှူဒါန်းပြီး ကျောင်းအကျိုးဆောင်များကိုယ်စားဦးသိန်းအောင်က အလှူငွေ(၅)သိန်းကျပ်ကို ပေးအပ်လှူဒါန်းကြရာ ကျောင်း အုပ်ဆရာမကြီးက လက်ခံယူကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)