တနိုင်းမြို့ပတ်လမ်းတွင် ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၆)စုအား စားနပ်ရိက္ခာ (၁)လစာထောက်ပံ့

တနိုင်း     ဒီဇင်ဘာ    ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်၊ မြို့ပတ်လမ်းတွင် ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု(၂၆)စုအား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်စားနပ်ရိက္ခာ (၁)လစာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ကင်ဆားရာရပ်ကွက်၊ မြို့ပတ်လမ်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်၊ မြို့ပတ်လမ်းတွင် ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု(၂၆)စုအား ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် စားနပ်ရိက္ခာ(၁)လစာအား တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဥက္ကဌနှင့်ကော်မတီဝင်များမှ ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် စားနပ်ရိက္ခာ (၁)လစာ ဆန်(၄၀)အိတ်၊ (၇)ပြည်၊ (၄)ဗူး၊ ဆီ(၅၂)ပိဿာ၊ ဆား(၂၆)ပိဿာ၊ ပဲ(၅၂)ပိဿာတို့အား ပြောင်းရွှေ့အိမ်ထောင်စု (၂၆)စုသို့ အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)