ဘားအံ စက်တင်ဘာ ၁၀
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅၂ ဒဿမ ၅၇၇ ကျပ်သန်းဖြင့် Min Engineering Group Co., Ltd မှတာဝန်ယူ တည်ဆောက်လျက်ရှိသော အ-မ-က-ရဲသာ ရွာသစ် (၆၀x၃၀ပေ)RCC တစ်ထပ်ကျောင်း ဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅၂ ဒဿမ ၆၄၈ ကျပ်သန်းဖြင့် ဓနတိုးပွားကုမ္ပဏီလိမိတက်မှတာဝန်ယူတည်ဆောက်သော အ-ထ-က(ခွဲ)က မော့ကစင် (၆၀ x ၃၀ပေ) RCC တစ်ထပ်စာသင်ဆောင်အသစ်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးဦးစသိန်းကျော်နှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးတွန်းအားပေး ဆောင်ကြရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ၂၆၃ ဒဿမ ၈၅၉ ကျပ်သန်းဖြင့် ရွှေမဲကနယ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သော အ-ထ-က တရုတ်လှ(၉၀x၃၀ပေ)RCC တစ်ထပ် Plinth level ၄ ပေ စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လွတ်လပ်ရေးနေ့အမီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် သံလွင်တံတားထိပ် (ဘားအံဘက်ခြမ်း)တွင် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့မှ မြေယာရှုခင်းအလှပြုလုပ်ခြင်းလုပ်ငန်း (၈၀၀၀စတုရန်းပေ)အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်က လုပ်ငန်း တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုနှင့် ထည့်သွင်းဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့အဝင်နှင့်ခရီးသွားအများ ပြည်သူဖြတ်သန်း သွားလာသည့်လမ်းပေါ်တွင်တည်ရှိသည့်အတွက် လုပ်ငန်းများအားစေတနာရှေ့ထား၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် နိုဝင်ဘာလတွင်ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၇၅ ဒဿမ ၄၆၃ ကျပ်သန်းဖြင့် Min Engineering Group Co., Ltd မှတာဝန်ယူတည်ဆောက်နေသော အ-မ-က-ရွှေကင်း(၆၀x၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း၊၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၈၆၄ ဒဿမ ၆ သန်းဖြင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး(သီးသန့်ရဲဝင်း)တွင် ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၃ ထပ်(၁၄၆ x၃၅ပေ) သံကူကွန်ကရစ် အဆောက်အဦ(၃)လုံး ၅၀ ရာခိုင်နှုန်းဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်းနှင့် တာဝန်ယူတည်ဆောက်သည့် ငွေစင်ဆန်း သစ်ကုမ္ပဏီ၊ Magway Icon Co.,Ltd တို့မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင် ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)