သရက်ချောင်း စက်တင်ဘာ ၁၀
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးအာကာဝေမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်မြင့်သိန်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှု၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် (အ-ထ-က) သရက်ချောင်းကျောင်း ကျောင်းသား/သူများက ရွှေမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးအာကာဝေမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြန်မြန်မာ ရောင်စုံမှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အားကစားနည်းများအနေဖြင့် ဂုန်နီအိတ်စွတ်၊ ဘော်လုံးကောက်၊ ဗူးပေါင်းခွဲ၊ အပ်ချည်ထိုး၊ အပြေးပြိုင်ပွဲတို့ကိုလှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူကျောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များအား လက်ဆောင်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ စာပေဟောပြောအား ကျင်းပရာ ဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် Book Club အဖွဲ့ဝင် ဒေါ်မိသူဇာနှင့် စာရေးဆရာမ နုနှင်းသစ်တို့က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ယနေ့ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ သရက်ချောင်းမြို့နယ်၊ (အ-ထ-က) သရက်ချောင်းကျောင်း၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်း၊ အ-မ-က (မူလွန်) ပန်းတောကျောင်း၊ အ-ထ-က (ခွဲ) ပိန်းတောကျောင်း၊ (အ-မ-က) မြို့မ (၁) ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများစုစုပေါင်း (၈၀၀) ဦးခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို စက်တင်ဘာ ၁၀ ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)