ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းနှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ဟားခါး စက်တင်ဘာ ၁၀

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းနှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများကိုကြည့်ပါက ဒေသတွင်း MSME ဖြစ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်အောင်မြင်သောကြောင့် စက်မှုလုပ်ငန်းကြီးများ ထူထောင်နိုင်ပြီး အင်အားကြီးစက်မှုနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံသည်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးအောင်မြင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာရန်အတွက် ပြည်သူလူထုကို အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးပြီး လိုအပ်သော အရင်းအနှီးများ ရရှိရေးနှင့် လုပ်ငန်းသုံးစက်ကိရိယာများ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာ နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းထွက်ရှိသည့် ကုန်ကြမ်းများအပေါ်အခြေခံ၍လည်းကောင်း၊ ပြည်သူများ၏ လိုလားချက်အရလည်းကောင်း၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်လည်းကောင်း၊ အိုးမကွာ၊ အိမ်မကွာ မိသားစုလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေရရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ၊ နောက်နောင်မှာလည်း ယခုကဲ့သို့သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုသည့် သင်တန်းများ စဉ်ဆက်မပြက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်ချုပ်နည်းပညာသင်တန်းတွင် ထူးချွန်သင်တန်း သူ (၅) ဦးအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်တို့က လုပ်ငန်းသုံးစက်ကိရိယာများကိုလည်းကောင်း၊ လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသား (၅) ဦးအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က လုပ်ငန်းသုံးစက်ပစ္စည်းများကိုလည်းကောင်း ၊ စက်ချုပ်နည်းပညာသင်တန်းနှင့် လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် စက်ချုပ်သင်တန်းသူများက ချုပ်လုပ်ထားသည့် အဝတ်အထည်များ ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine ( MEVM ) စက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ယခင်ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲနှင့် မတူကြောင်း ၊ ယခင်ရွေးကောက်ပွဲ နှင့်မတူသည့် ပထမအချက်က ဆန္ဒမဲကို မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်မဲပေးခြင်း၊ ဒုတိယအချက်က အပိုင်းလိုက် ရွေးကောက်ပွဲကျင်းပခြင်း၊ တတိယအချက်က ရွေးကောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ်ခြင်း စသည့်အချက်များဖြစ်ကြောင်း၊ ၎င်းအချက်များနှင့်ပတ်သက်၍ လက်တွေ့ အကောင်အထည်ဖော်ရွက်မည့် ပုဂ္ဂိုလ်များအနေဖြင့် နှိုက်နှိုက်ချွတ်ချွက် နားလည်သဘောပေါက်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ လာရောက်ပြီး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းတက်ရောက် ကြမည်သူများအားလုံးက သေချာမှတ်သားပြီး နားမလည်သည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြ ဦးကိုကိုမောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်နှင့် စပ်လျဉ်း၍ Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြပြီး သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများကို ထပ်မံသိရှိလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြပြီး မေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြက ပြန်လည်ဖြေကြားသည်။

ယင်းနောက် သင်တန်းသား ၊ သင်တန်းသူများအတွက် နေ့တွက်စရိတ်ထောက်ပံ့ငွေ ကျပ် ၂၂ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇာထန်းက လက်ခံရယူသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် သင်တန်းသား ၊ သင်တန်းသူများ က MEVM စက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးကြကြောင်းနှင့် ညနေပိုင်းတွင် MEVM စက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)