ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တိးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း နည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ စီမံကိန်းလုပ်ငန်းများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ကချင်ပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးမြို့ပြနှင့် ကျေးရွာ(၆)ခုကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ် မူတည်၍ လည်းကောင်း၊ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအားလည်းကောင်း စီမံကိန်းလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းလမ်းနှင့် နည်းပညာလိုအပ်သည်များကို သင်တန်းများဖွင့်လှစ်၍ ဖြည့်ဆည်းပေးခဲ့သကဲ့သို့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း တပါတည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေးနှစ်  စီမံကိန်းလုပ်ငန်းများအတွက် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် သီတာရပ်ကွက်တို့ရှိ အမျိုးသမီးများအတွက် ဖွင့်လှစ်ပေးခဲ့သော စက်ချုပ်သင်တန်းနှင့် မော်ဖောင်းရပ်ကွက်အတွက် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)သင်တန်းစသည့်  အခြေခံနှင့် မွမ်းမံသင်တန်းများအတွက် လုပ်ငန်းများ စတင်အကောင် အထည်ဖော်နိုင်ရေး သင်တန်းသား/ သင်တန်းသူများထံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော လုပ်ငန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသား/ သင်တန်းသူများ၏ စာတွေ့/ လက်တွေ့သင်ကြားထားသည့် သင်တန်းထွက်ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)