တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်"သို့တက်ရောက် ကြည့်ရှုအားပေး

ထားဝယ်   စက်တင်ဘာ ၁၀

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်” ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်အထက(၈)မှ ကျောင်းသား၊ ကျောင်းသူများက “ပြည့်ရတနာ” သီချင်းဖြင့်ကပြခြင်း၊ ပညာရောင်ခြည်ကိုယ်ပိုင်အထက်တန်း ကျောင်းမှ “တိုးတက်ဝေစည်တနင်္သာရီ” သီချင်းဖြင့်ကပြခြင်း၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ “လောကအားမာန်” သီချင်းဖြင့် ကပြခြင်း၊ ဘင်ခရာအဖွဲ့နှင့်  ပန်းပွားအဖွဲ့တို့က တီးမှုတ်ကပြ ဖျော်ဖြေနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အတွင်း ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဆောင်ရွက်မှု  မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့်ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များအား လက်ဆောင်ပေးအပ်ကြသည်။

ယနေ့ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”သို့ အမှတ်(၈)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရောင်ခြည်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၅၀) ဦးခန့် တက်ရောက်ကြပြီးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွှဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို စက်တင်ဘာ ၁၁ ရက်နေ့ တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)