ဘုတ်ပြင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို စက်တင် ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ-မ-က-၃၅၈ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အ-မ-က(၃၅၈) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဝင်းထွေးက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ရာ “ကျောင်းသား၊ သူများ အနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးထမ်းရွက် ကြရမည်ဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရေးအတွက် ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်မှ မိမိတို့စိတ်ကြိုက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)