နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး၊ နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ အချိန်မီပြီးစီး‌‌ရေးအတွက် လုပ်သားအင်အားတိုးမြှင့် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် ဆည်ပတ်ဝန်းကျင် မြေယာရှုခင်းများ၊ ပန်းအလှပင်များ ပြုလုပ်ရန်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊  ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ရာဇသင်္ဂဟလမ်းမကြီး လမ်ဘေး/ဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုအ‌ခြေအနေများ၊ ဆက်လက်စိုက်ပျိုးမည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အရိပ်ရလေကာပင်များ၊ နှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးပြီး ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ သစ်တက်ကျေးရွာ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေး/ဝဲယာ   အမှိုက်သရိုက်ကင်း‌စင်‌ရေးနှင့် သန့်ရှင်းသာယာလှ‌ပ‌မှုရှိ‌‌စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ ရေဝပ်သည့်နေရာများတွင် သဲမြေများဖို့ထားရေးနှင့် လမ်းပခုံးသားပေါ်တွင် မြေသားများတင်ကျန်မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးတို့ကို မှာကြားသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မီးပွိုင့်များတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar System များ တပ်ဆင်ထားလျက်ရှိကြောင်း၊  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို နိုင်ငံတကာမှာ ကျင့်သုံးနေသည့်နည်းတူ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ အဆောက်အအုံအသစ်များ တည်ဆောက်ရာတွင် ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးအပြင် တည်ဆောက်ပြီး ရုံး၊ ဌာန အဆောက်အဦများတွင် အသေးစားဆိုလာစနစ်များ (Home Solar Systems) ကိုအကျိုးရှိရှိ ချိတ်ဆက်တပ်ဆင်နိုင်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ယူမှုနှင့်ပတ်သက်၍ စိုက်ပျိုး မွေးမြူရေးမြေအဖြစ် သုံးစွဲရန်မသင့်လျော်သည့်နေရာမျိုး၊ မြေလွတ်၊ မြေရိုင်းနေရာများကို စိစစ်ဖော်ထုတ်နိုင်ရေးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်မှုဇုန်၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ MSME လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် အသေးစား Solar System များကို ပိုမိုတွင်ကျယ်စွာ တပ်ဆင်အသုံးပြုနိုင်ရေးများကိုလည်း ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်နှင့်စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ရန်လို‌ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရရှိနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို အသုံးပြုကာ အသေးစား၊ အလတ်စား ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကာလတိုအတွင်း တိုးတက်ရရှိနိုင်မည်ဖြစ်ပြီး၊ စီမံကိန်းကာလရှည်ကြာသော အကြီးစားဓာတ်အားပေးစက်ရုံ စီမံကိန်းကြီးများ မပြီးစီးမီဓာတ်အားလိုအပ်ချက်ကို ထိန်းညှိဖြည့်ဆည်းပေးထားနိုင်ရန်အတွက် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်များက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ Quick Win ဖြစ်မည့် အစီအမံများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ အတတ်ပညာ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍပါဝင်ရေး မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)