ဘုတ်ပြင်း စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကျေးရွာများရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို စက်တင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ၊ မူလွန်-ကျွေးချောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာများကို အသိပညာပေးပြောကြားပြီး ကမာချောင်းကျေးရွာအုပ်စုအတွင်းရှိ ကမာချောင်း၊ ကျွေးချောင်း၊ အေးချမ်းမြိုင် (၁)၊ အေးချမ်းမြိုင်(၂)၊ သဲဖြူစသည့် ကျေးရွာ(၅)ရွာမှဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် သက်ဆိုင်ရာလွှတ်တော်များအလိုက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး တာဝန်ရှိသူများက မဲရလဒ်များအား ထုတ်ယူစစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ဘုတ်ပြင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဘုတ်ပြင်း (ပြန်/ဆက်)