နမ့်စန်(တ) စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဝမ်ပိန်းကျေးရွာအုပ်စုရှိ ပန်လင်းဆိုင်ကျေးရွာတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် ဟိုင်းနားကြီးကျေးရွာအုပ်စုရှိ တုံမုံကျေးရွာနှင့် မိုင်းစိတ်ကျေးရွာအုပ်စုရှိ မိုင်းစိတ်ကျေးရွာတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက မဲပေးစက်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဆုထားဝေက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်စက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါမဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ရာသို့ ဝမ်ပိန်းကျေးရွာအုပ်စု၊ ဟိုင်းနားကြီးကျေးရွာအုပ်စုနှင့် မိုင်းစိတ်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာစုစုပေါင်း(၂၆)ရွာမှ ဒေသခံပြည်သူ စုစုပေါင်း (၄၂၀)ဦးခန့် တက်ရောက်၍ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)