နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယနေ့တွင် MEVM မဲပေးစက်ဖြင့် ဌာနဆိုင်ရာများ လွယ်ကူစွာမဲပေးနိုင်ရန် မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို နောင်ချိုမြို့ မြို့နယ်ခန်းမ၌ကျင်းပရာ နောင်ချိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ကာ ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

သင်တန်းတွင် ရှေးဦးစွာ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) သည် မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေအနေတို့နှင့် အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကိုတီထွင်ထားခြင်းဖြစ်ကြောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အား မိတ်ဆက်ပေးခဲ့ပါသည်။

မဲပေးစက်အား ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့်စက်ဟူ၍ အစိတ်အပိုင်း(၃)ခုဖြင့် ဖွဲ့စည်းထားကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အား ပြည်သူလူထု သိရှိနားလည်စေရန် အသေးစိတ်ရှင်းလင်းပေးခဲ့ပါသည်။

ထို့နောက်တွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများအား မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသို့ တက်ရောက်ထားကြသော ဆရာ/ ဆရာမများနှင့်အတူ စမ်းသပ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးစေခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)