မြဝတီမြို့ရှိ (MSMEs) ပလတ်စတစ် ကော်ဖြတ်စလုပ်ငန်း မှ ဦးအေးမင်းထိုက်နှင့်တွေ့ဆုံမေးမြန်းမှု -
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိရာ နိုင်ငံတော်အစိုးရမှ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထုတစ်ရပ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး အထောက်အကူပြုလျက်ရှိသည်။ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေဟင်္သာလမ်းတွင်တည်ရှိသည့် သန့်စင်ပြီး ကော်ဖြတ်စလုပ်ငန်းမှပိုင်ရှင် ဦးအေးမင်းထိုက်နှင့် တွေ့ဆုံမေးမြန်းထားမှုအား တင်ပြလိုက်ရပါသည် -
မေး။ သန့်စင်ပြီးကော်ဖြတ်စများနဲ့ ပလတ်စတစ်ကုန်ကြမ်းများ ထုတ်လုပ်ခြင်းလုပ်ငန်း တည်ထောင် ဖြစ်ပုံကိုသိပါရစေ။
ဖြေ။ သန့်စင်ပြီး ကော်ဖြတ်စတွေနဲ့ ပလပ်စတစ်ကုန်ကြမ်း ထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တဲ့ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးဖြစ်ပါတယ်။ လက်ရှိမှာ မြဝတီခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရဲ့ မှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်ပါတယ်။
မေး။ သန့်စင်ပြီးကော်ဖြတ်စများဖြင့် ပလပ်စတစ်ကုန်ကြမ်းများ ထုတ်လုပ်ရတဲ့ရည်ရွယ်ချက်တွေကိုလည်း သိပါရစေ။
ဖြေ။ သန့်စင်ပြီးကော်ဖြတ်စများနဲ့ ပလတ်စတစ်ကုန်ကြမ်းများ ထုတ်လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြဝတီမြို့ပေါ်၊ ရပ်ကွက်/ကျေးရွာတွေက ထွက်ရှိလာတဲ့ စွန့်ပစ်ပလတ်စတစ်တွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေမဲ့အစား အခုလို Re-cycle အဖြစ် စက်မှုလုပ်ငန်းတွေအတွက် အကျိုးရှိ၊ ကိုယ်လဲစီးပွားဖြစ် နှစ်ဖက်စလုံးအကျိုးရှိစေပြီး ပြည်ပကနေတင်သွင်းတဲ့ တစ်ဝက်ကုန်ကြမ်းတွေကို အစားထိုးအဖြစ် ထုတ်လုပ်ခြင်းဖြစ်ပြီး မိမိပတ်ဝန်းကျင်မှာလည်း အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးခြင်းကြောင့် မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ပါတယ်။
မေး။ သန့်စင်ပြီးကော်ဖြတ်စများဖြင့် ပလတ်စတစ်ကုန်ကြမ်းများ ထုတ်လုပ်ပုံအဆင့်ဆင့်နဲ့ ထွက်ရှိတဲ့ပမာဏနှင့် တင်ပို့ဖြန့်ဖြူးမှု အခြေအနေကိုသိပါရစေ။
ဖြေ။ သန့်စင်ပြီး ကော်ဖြတ်စများဖြင့် ပလတ်စတစ်ကုန်ကြမ်း ထုတ်လုပ်မှုအနေနဲ့ တစ်ဝက် ကုန်ကြမ်း ကော်ဖြတ်စမဖြစ်မီ စွန့်ပစ်ပလတ်စတစ် ကော်တုံးတွေကိုဝယ်ယူပြီး မြင်းကောင်ရေ ၂၅ ကောင်စက်ဖြင့် အဆင့်ဆင့်ခုတ်ထွင်သန့်စင်ပြီး တင်ပို့ဖြန့်ဖြူးတဲ့အဆင့်ထိ ရောက်အောင် လုပ်ရပါတယ်။ တစ်နေ့ကို သန့်စင်ပြီးကော်ဖြတ်စ (၆)တန်၊ (၇)တန်လောက် ထွက်ရှိပါတယ်၊ တင်ပို့ဖြန့်ဖြူးမှုအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စက်မှုဇုံတွေနဲ့ ပလတ်စတစ် ကုန်ချော ထုတ်လုပ်တဲ့စက်ရုံများကို တင်ပို့ရောင်းချပါတယ်။
မေး။ သန့်စင်ပြီးကော်ဖြတ်စ ပလတ်စတစ်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ သိပါရစေ။
ဖြေ။ ဝန်ထမ်းဦးရေ အမျိုးသားစုစုပေါင်း (၁၃)ဦး ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် စီစဉ်ပေးထားပါတယ်။ ကျန်းမာရေး အစစအရာရာ စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဝန်ထမ်းတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work ဖြစ်အောင် စီစဉ်ဆောင်ရွက် ပေးပါတယ်။
မေး။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လို ဆောင်ရွက်ပေးပါသလဲ။
ဖြေ။ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်အားခ ကျပ် ၁၇၀၀၀၊ တစ်လလုပ်အားခ ကျပ် ငါးသိန်းပါ၊ အချိန်ပိုဆင်းရင်ဆင်းသလို အချိန်ပိုကြေးလဲ ပေးပါတယ်။
မေး။ သန့်စင်ပြီးကော်ဖြတ်စများဖြင့် ပလတ်စတစ်ကုန်ကြမ်းများ ထုတ်လုပ်တဲ့လုပ်ငန်းကို တိုးချဲ့ဖို့ အစီအစဉ်ရှိ/မရှိ သိချင်ပါတယ်။
ဖြေ။ မြဝတီမြို့မှ လျှပ်စစ်မီးရရှိမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေတွေ ပိုမိုကောင်းမွန် လာမယ်ဆိုရင် တစ်ဝက်ကုန်းကြမ်းမဟုတ်ဘဲ ကုန်ချောအထိ ထုတ်လုပ်တိုးချဲ့ဖို့ အစီအစဉ် ရှိပါတယ်။
မေး။ ဒီနေ့ခေတ် လူငယ်လေးတွေ အားကျအတုယူဖွယ် မိမိကိုယ်တိုင်စီးပွားရေး ဖန်တီးဖော်ဆောင်နိုင်မယ့် ခွန်အားဖြစ်စေမယ့် အားပေးစကားပြောကြားပေးပါ။
ဖြေ။ ကျွန်တော်ကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်ပေါ်မှာ စေတနာထားလုပ်ကိုင်ဆောင်ရွက်လျှင် စေတနာအကျိုး ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ခွန်အားဖြစ်စေမယ့် အားပေးစကားအနေနဲ့ကတော့ ဘယ်လုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ အားလုံးတစိုက်မတ်မတ် လေ့လာသင်ယူဖို့လိုပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်၊ ဒါမှသာ သူများထက် ပိုအောင်မြင်နိုင်မှာ ဖြစ်ပါတယ်၊ ကိုယ်သင်ယူထားတဲ့ပညာထက်ပိုတတ်အောင် အစဉ်လေ့လာသင်ယူသင့်တယ်၊ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းမှ ကူညီနိုင်မှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေရေး အဆင်ပြေလာရင် လူမှုစီးပွားဘဝ တိုးတက်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ( MSMEs)သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိရာ မြန်မာနိုင်ငံ၏စီးပွားရေး သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော်အစိုးရက MSME များ ဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများချမှတ်၍ ပံ့ပိုးမှုများကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သကဲ့သို့ ပြည်သူ လူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဖန်တီးဖော်ဆောင်ပေးခြင်း၊ တစ်ဦးချင်းဝင်ငွေ မြင့်မားတိုးတက်အောင် အဘက်ဘက်မှ ဖော်ဆောင်ပေးနိုင်ရန် နိုင်ငံတော်အစိုးရက ၂၀၁၂ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနလက်အောက်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ခံ(Focal)ဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာမှ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနအဖြစ် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အောက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးတို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ကာ ဒေသတစ်ခုချင်းစီအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) လုပ်ငန်းများအား နည်းပညာနှင့်ငွေကြေး အထောက်အပံ့များ ပံ့ပိုးပေးခဲ့ပါသည်။
ကရင်ပြည်နယ် မြဝတီခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသည့် အကြီးစားလုပ်ငန်း ၄၅ ခု၊ အလတ်စားလုပ်ငန်း ၁၀၄ ခု၊ အငယ်စားလုပ်ငန်း ၁၆၆ ခု၊ စုစုပေါင်းစက်မှုလုပ်ငန်း ၃၁၅ ခုရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)အနေနှင့် ၁၆၄ ခုရှိပြီး Recycle လုပ်ငန်း ၄၀၊ ကော်ဖြတ်စလုပ်ငန်း(၇)ခု ရှိကြောင်း ခရိုင်စက်မှု ကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။
တွေ့ဆုံမေးမြန်း- ဒေါ်မာမာရီ၊ ဆောင်းနှင်းဖြူ( ပြန်/ဆက်)၊ ဓာတ်ပုံ- ကိုကိုအောင်