ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် နောင်ချိုမြို့ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ ၈

ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုအ‌ခြေအနေများကို စက်တင်ဘာ ၆ ရက်နံနက် ၈ နာရီက ကွင်းဆင်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက နောင်ချိုမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းထံ ပေးအပ်သည်။

ထို့မှတဆင့် မြို့နယ်စည်ပင်သာယာရေးဌာနသို့ သွားရောက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာန မြို့နယ်အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက နောင်ချိုမြို့သန့်ရှင်းသာယာလှပရေးနှင့် ရေရရှိရေးဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ အလူးားနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက်နောင်ချိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား လိုက်လံကြည့်ရှု၍ ဝန်ထမ်းများ အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ် မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှု၊ လမ်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ကျောက်မဲခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် Oriental High Way col.,ltd မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စိုင်းသန်းကျော်(တောင်ကြီး)