မန်ကန် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မန်ကန်မြို့တွင် ကျောင်းသားကျောင်းသူလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲများကို လစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်း ပြောကြားကာ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူလူငယ်များက မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မွန်မွန်(ပြန်/ဆက်)