ဘားအံမြို့တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ စက်တင်ဘာ ၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မြသံလွင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အထက(၁)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် အမှတ်(၁)အ‌ခြေခံပညာ အထက်တန်း ကျောင်းသည် ကရင်ပြည်နယ် ဘားအံမြို့တွင်ကောင်းမွန်သော အစဉ်အလာရှိသည့် ကျောင်းဖြစ်ကြောင်း ထိုအစဉ်အလာကောင်း များအား ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ ညီညွတ်စွာဖြင့်ပူးပေါင်း ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပြီး အနာဂတ်နိုင်ငံ့ ခေါင်းဆောင်များပေါ်ထွန်းလာစေရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံအောင်ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာများကိုလည်း ထူးချွန်စွာသင်ယူတတ်မြောက်နိုင်စေရေးအတွက် ကြိုးစားအားထုတ်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးက အခြေခံပညာကျောင်းများ၌ နှစ်စဉ်ပညာသင်နှစ်များတွင် မိဘ၊ ဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသူများ၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ ဘက်စုံထူးချွန်ဆုနှင့်စွမ်းဆောင်ရည်ဆု လူရည်ချွန်ဆုနှင့် နိုင်ငံတော်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ သင်ကြားရေးထူးချွန်ဆုရဆရာ ဆရာမများအား ကရင်ပြည်နယ်အစိုးရအဖွဲ လူမူရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးသည် စက်တင်ဘာလ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့ အထိရန်ကုန်တိုင်းဒေသကြီး၌ ပြုလုပ်ကျင်းပမည့် အသက် (၂၀) နှစ်အောက်နှင့် အသက် (၃၅) နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစုံ Groung တင်းနစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားကြမည့် အုပ်ချုပ်သူနည်းပြ ၃ ဦး နှင့်အားကစားသမား ၅ ဦးတို့အား ဘားအံမြို့လူငယ်စင်တာ၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက သွားရောက်တွေ့ဆုံပြီး ပြိုင်ပွဲအား ခိုင်မာသောစိတ်ဓာတ်၊ အနိုင်ရလိုစိတ်များနှင့်အတူ ပြိုင်ပွဲအားစည်းမျဉ်း စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ကစားကြစေလိုကြောင်း အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ကစားကာ ပထမရွှေတံဆိပ်ဆုများရရှိသည်အထိ ကြိုးစားယှဉ်ပြိုင်ကစားကြရန် အားပေးအမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်( ပြန်/ဆက်)