ဘားအံ စက်တင်ဘာ ၈
ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြင့်တင်စို့ ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခြေခံပညာဆရာ၊ ဆရာမများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာတတ်မြောက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံအလိုက်တစ်မျိုးသားလုံးစာတတ်မြောက်လာရေးအတွက် တစ်မျိုးသားလုံးက အမျိုးသားရေး တာဝန်အဖြစ် အမျိုးသားရေးခံယူချက်တို့ဖြင့် သန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာချမှတ်ပြီး ယနေ့ ၂၁ ရာစုအတွင်း စာမတတ်သူ ပပျောက်၍ စာတတ်သူများဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသူများနှင့်အတူ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ပေးပို့လာသော စာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်း Video ကို အတူတကွကြည့်ရှုအားပေးခဲ့ကြကာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဒို့အင်ဒို့အား သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခင်းကျင်းပြသထားသော ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)