မိုင်းကိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရဟန်း၊ ရှင်သာမဏေများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်မြှင့်တင်ပေးရန်၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ “လူငယ်တို့အတွက် အနာဂတ်” “Future For Youth”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၄) ရပ်ကွက်ရှိ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းတွင် မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္တာဝရက အဖွင့်ဩဝါဒဂါထာတော်မြွက်ကြားပြီး အ.ထ.က(မိုင်းကိုင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ အလယ်တန်း(ဒုတိယနှစ်) စာသင်သားရှင်သာမဏေများဖြစ်ကြသော ရှင်စိန္တိက က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ရှင်သုဇန၊ ရှင်ကုမာရ၊ ရှင်မေရိယနှင့် ရှင်ပညာနန္ဒတို့က “မိမိကိုယ်ကို ဆုံးမသွန်သင်ခြင်း”၊ “နောက်တစ်ကြိမ် တောက်ပလာလိမ့်မယ်”၊ “အားလုံးမပြည့်စုံပေမဲ့ တိုးတက်နေဆဲပါ”၊ “မင်းရဲ့ အကြီးမားဆုံးခွန်အား” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ရဟန်းရှင်သာမဏေများ၊ လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ ဆရာတော်နှင့် သံဃာတော်များ၊ စာသင်သားရှင်သာမဏေများ၊ လူငယ်လူရွယ်များ၊ အ.ထ.က(မိုင်းကိုင်) ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)