မြိတ် စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်း စာသင်ကျောင်းများတွင် ပြုလုပ်ကြသည်။
အသိပညာပေးရာတွင် မြိတ်ခရိုင်ရွေးကောက်ပွဲကျော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းသိကောင်းစရာများနှင့် မဲပေးစက်ဆိုင်ရာမဲပေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားကြသည်။ ထို့နောက် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို မြိတ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားနှင့်တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်ပြည်သူများကို လက် တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ကြသည်။ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အ.ထ.က(၂)၊ အ.ထ.က(၄)နှင့် အ.ထ.က(၇)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ကြပြီး ရပ်ကွက်/ကျေးရွာများတွင်ကွင်းဆင်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။
ခိုင်ထူး(ပြန်/ဆက်)