ဘုတ်ပြင်းမြို့၌  မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ဘုတ်ပြင်း စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများအား မြန်မာအီလက်ထရောနစ်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဘုတ်ပြင်းမြို့ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်သည်များကိုရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘုတ်ပြင်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် သက်ဆိုင်ရာလွှတ်တော်များအလိုက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြပြီး တာဝန်ရှိသူများက မဲရလဒ်များအား ထုတ် ယူစစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ဘုတ်ပြင်းတပ်နယ်မှူးနှင့်တာဝန်ရှိသူများ၊ ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)