ခမောက်ကြီး စက်တင်ဘာ ၇
သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်၊ စနေနေ့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တိလောကာရုံကျောင်းတိုက်ပရိယတ္တိသာသနာ့နုဂ္ဂဟအသင်းမှ ကျင်းပပြုလုပ်သည့် နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားပြုလုပ်ခြင်းကို ယမန်နေ့မွန်လွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကိုဆရာတော်ကြီးများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့သည်။
ထိုနောက်တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကော့သောင်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့သည်။ မြို့နယ်ဩဝါဒစရိယချမ်းမြေ့သာဆရာတော်ဘုရားမှ ဩဝါဒကထာချီးမြင့်ခဲ့ပြီး တိလောကာရုံပရိယတ္တိသာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားတော်မူခဲ့သည်။ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူတမ်းခဲ့ပြီး စာအောင်ဆုရ ကျောင်းသား၊ ကျောင်းသူ (၁၀၄)ဦးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများချီးမြင့်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ဩဝါဒစရိယချမ်းမြေ့သာဆရာတော်ဘုရားမှ ရေစက်သွန်းချအမျှဝေတိုင်တည်ပေးခဲ့ပြီး ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)